မူလစာမျက်နှာ

Tuesday 31 January 2012

ဆုတောင်းခြင်း၏အဖြေ


၁၈၄၅၊ အောက်တိုဘာမှာ လူကြီးလူကောင်းတယောက်ဆီက ပြစ်တင်စာရတယ်။ မိဘမဲ့ကျောင်းဆောင်တွေကြောင့်  Wilson  လမ်းထဲကလူတွေမှာ အနှောက်အယှက်ဖြစ်ရတယ်လို့ဆိုတယ်။ နောက်ဆုံးတော့ တခြားအကြောင်းတွေလည်း ရှိတော့ သေသေချာချာ ဆုတောင်း စဉ်းစားပြီးတဲ့အခါ၊ တခြားတနေရာမှာ ကျောင်းဆောင်ဆောက်ဖို့ Mr. Müller ဆုံးဖြတ်ချက်ချရတယ်။ ကလေး ၃၀၀ အတွက်နေရာရဖို့ ဆုတောင်းရတော့တယ်။

" ဇန်နဝါရီ ၃၁၊ ၁၈၄၆ ။  -- ကျောင်းဆောင်ဆောက်ဖို့ ဆုတောင်းတာ အခုဆိုရင် ၈၉ ရက်ရှိပြီ။ အခုအချိန်ဆိုရင် ဘုရားသခင်က မြေတကွက်တော့ ပေးဖို့နီးလာပြီလို့ထင်မိတယ်။ ပုံမှန် စနေညနေဆုတောင်းစည်းဝေးအပြီးမှာ ဒီအကြောင်း ညီအကို၊ မောင်နှမတွေကို ပြောပြလိုက်တယ်။

" ဖေဖေါ်ဝါရီ ၁။ -- ဆင်းရဲတဲ့ မုဆိုးမတယောက်က 10s  ပေးလှူတယ်။

"ဖေဖေါ်ဝါရီ ၂။ -- ASHLEY DOWN  အရပ်မှာ သင့်တော်ပြီး၊ ဈေးချိုတဲ့မြေကွက် အကြောင်းကြားရတယ်။

"ဖေဖေါ်ဝါရီ ၃။ -- မြေကွက်ကိုကြည့်တယ်။ မြင်ဖူးသမျှထဲမှာတော့ အကြိုက်ဆုံးပဲ။ -- ကျွန်တော့်အိမ်က မိဘမဲ့ကလေးပုံးထဲမှာ ဘယ်သူမှန်းမသိ ငွေ ၁ ပေါင်နဲ့အတူ စာရွက်တရွက်ထည့်သွားတယ်။ ရေးထားတာက " ကျောင်းဆောင်သစ်" တဲ့။

"ဖေဖေါ်ဝါရီ ၄။ -- ဒီညနေမှာ မြေကွက်ရှင်ကိုခေါ်တယ်။ ဒါပေမယ့် သူက အိမ်မှာမရှိဘူး။ အလုပ်ထဲမှာ သွားတွေ့ဖို့ပြောလို့ လိုက်သွားရတယ်။ မတွေ့ဘူး။ ပြန်သွားပြီ။ သူ့အိမ်ကတယောက်က ၈ နာရီမှာတော့ ပြန်လာမှာပါလို့ ပြောတယ်။  ဖုန်းဆက်ဖို့ပဲ။ ဒါပေမယ့် နှစ်နေရာလုံးမှာ မတွေ့တာကိုက ဘုရားလက်တော်ပဲလို့ ယူဆတဲ့အတွက် ဖုန်းမဆက်ဖြစ်ဘူး။ အတင်းအကြပ်မလုပ်တာ အကောင်းဆုံးပဲ။ သည်းခံခြင်းက သူ့အလုပ်သူလုပ်ပါစေ။

"ဖေဖေါ်ဝါရီ ၅။ မြေကွက်ရှင်ကို ဒီမနက် သွားတွေ့တယ်။ မနက် ၃ နာရီမှာ သူထတယ်တဲ့။ ၅ နာရီ အထိအိပ်မရဘူး။ နိုးလျှက်နဲ့ အိပ်ယာထဲမှာ လှဲနေတုန်း၊  သူစိတ်က မြေကွက်ဆီရောက်နေတယ်။ ကျောင်းမြေကွက်အတွက် စုံစမ်းတာကို သဘောကျတယ်။ ဝယ်မယ်ဆိုရင် အရင်ဆိုဈေး တဧက ပေါင် ၂၀၀ အစား၊ ပေါင် ၁၂၀ နဲ့ ပေးမယ်လို့ပြောပါတယ်။ ဘုရားရှင် သိပ်ကောင်းမြတ်တယ်။ ဒီမနက်မှာပဲ သဘောတူလိုက်ကြတယ်။ တဧကကို ပေါင် ၁၂၀နဲ့ ၇ ဧကနီးပါးဝယ်လိုက်တယ်။ " မြေကွက်ရှင်ကို သူ့အိမ်မှာ မတွေ့ရတဲ့အကြောင်းကို စဉ်းစားကြည့်ပါ။ ကျွန်တော်နဲ့ မတွေ့ခင်၊ အိပ်မရတဲ့ညမှာ ဆုံးဖြတ်ထားဖို့ ဘုရားသခင် ကြိုစကားပြောတဲ့သဘောပဲ။ "

" အတင်းပူဆာတဲ့အတွက် "

" နိုဝင်ဘာ ၁၉၊ ၁၈၄၆။ -- ကျောင်းဆောင်ဆောက်နိုင်ဖို့ လိုတာတွေကို ဘုရားသခင်ထံ အတင်းအကြပ်ပူဆာဖို့ နိုးဆော်ခံရတယ်။ အကြောင်းက (၁) Wilson Street လမ်းထဲကလူတွေ အနှောက်အယှက်ဖြစ်နေလို့၊ ဖြစ်နိုင်ရင် မြန်မြန် ရွှေ့ချင်တယ်။

(၂) နေရာသစ်မှာ ကလေးတွေအတွက် ကျန်းမာရေးရော၊ ကိုယ်ကျင့်တရားပါ ပိုအကျိုးရှိမယ်လို့ မြင်လာတယ်။

(၃) ကျောင်းဝင်ခွင့်စောင့်နေတဲ့ ဆင်းဆင်းရဲရဲကလေးတွေ အများကြီးရှိနေသေးတယ်။ ပုံမှန် ထပ်လျှောက်နေကြတာပါ။ အလိုတော်ရှိရင် တရက်တောင်နောက်မကျပဲ စ,ဆောက်လိုက်ချင်တယ်။ လိုတာတွေ အချိန်မှီ ဘုရားသခင်ပေးမယ်လို့ ယုံကြည်တယ်။ အတင်းပူဆာပြီး ဆုတောင်းနေဖို့တော့ ဘုရားသခင်နှစ်သက်တယ် ကျွန်တော်သိထားတယ်။ မတရားတဲ့ တရားသူကြီးနဲ့ မုဆိုးမလိုပေါ့။ - လုကာ ၁၈း ၁-၈ ။ ဒါကြောင့် ပြီးခဲ့တဲ့ညနေမှာ ထပ်ဆုတောင်းခဲ့တယ်။ အထက်ကအချက်တွေအပြင်၊ ပြီးခဲ့တဲ့လ ၂၉ ကတည်းက ငွေအဝင်နည်းနေတာလည်းပါပါတယ်။ ဒီမနက် ၅ နာရီနဲ့ ၆ နာရီကြားမှာ ကျောင်းဆောင်အတွက်ဆုတောင်းပြီး ကျမ်းစာဖတ်ပါတယ်။ ဖတ်ရင်း မာကု ၁၁း ၂၄ ရောက်လာတယ်။ " သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်။ " ဒီကျမ်းချက်ရဲ့ အရေးကြီးတဲ့ အချက်ကို နားလည်ရုံမက ပြောပြလည်း ပြောပြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီမနက်တော့ ကျောင်းဆောင်သစ်အတွက် လက်တွေ့ဆုတောင်းလိုက်တယ်။ " ပေးမယ်လို့ ယုံကြည်တယ် ကိုယ်တော်" လို့ပြောလိုက်တယ်။

ဒါနဲ့ စိတ်ငြိမ်သက်သွားတယ်။ တခန်းပြီး တခန်း ဆက်ဖတ်သွားတယ်။ မိသားစုနဲ့ ဆုတောင်းအပြီးမှာ ကျွန်တော်တယောက်တည်း ဆက်ဆုတောင်းတယ်။ အမှုတော်ထဲမှာလိုသမျှ၊ လုပ်ဖေါ်ဆောင်ဖက်တွေ၊ ကျမ်းစာနဲ့ ဝေစာ ဝေငှဖို့တွေ၊ လူကြီးကျောင်း၊ Sunday Schools နဲ့ ၆ ရက်ကျောင်း၊ မိဘမဲ့ကျောင်းဆောင် ၄ ဆောင် အတွက် ဆုတောင်းပါတယ်။ ကျောင်းဆောင်အတွက် လိုတာတွေလည်း ထည့်ဆုတောင်းပါတယ်။ ဒူးထောက်ရာက ထပြီး ၅ မိနစ်လောက်အကြာမှာ မှတ်ပုံတင်စာတစောင် ရောက်လာတယ်။ ပေါင် ၃၀၀ တန် ချက်လက်မှတ်တစောင် ပါလာတယ်။ ပေါင် ၂၈၀ က ကျောင်းဆောင် အတွက်၊ ၁၀ က ကျွန်တော်သုံးဖို့၊ နောက် ၁၀ က ဆရာ Craik သုံးဖို့။ ဘုရားရဲ့ သန့်ရှင်းတဲ့နာမတော်ကို ချီးမွှမ်းပါတယ်။ ဘုရားသခင် အားပေးတဲ့အတွက်ဖြစ်ပါတယ်။ ကျောင်းဆောင်အတွက် အလှူငွေက အခုဆိုရင် ပေါင်ငွေ ၆,၀၀၀ ကျော်နေပါပြီ။

ဂျော့ခ်ျ မူးလာရဲ့ ပထမဆုံးကျောင်း

ဇန် ၂၅၊ ၁၈၄၇ ။ - - - နှစ်စမှာ ကျောင်းဆောင်လည်း စဆောက်ရတော့မယ်။ ဒါနဲ့ ကြိုးစားဆုတောင်းတယ်။ ယုံကြည်ခြင်းကို စိတ်တော်နဲ့ တွေ့ဖို့ ပူဆာတယ်။ လိုတဲ့ ငွေအရေအတွက်ကိုလည်း ပြောတယ်။ စ,ဖို့လိုတဲ့ အရာတွေ ပေးမှာပဲလို့ နီးလာလေလေ ခံစားမိလေလေပါပဲ။ ဘုရားသခင်ကို အခြေအတင်ပြောနေကြ စကားတွေနဲ့ ဒီမနက်လည်း ပြောပါတယ်။ ဒီကိစ္စအတွက် ဆုတောင်းတာ ၁၄ လနဲ့ ၃ ပတ်ရှိပြီ။ ဒူးထောက်ရာကထတော့ စိတ်ချမှုအပြည့်ရှိတယ်။ ဘုရားသခင် တတ်နိုင်ရုံတင်မက၊ မကြာခင် ပေးလည်းပေးတော့မှာဆိုတာ စိတ်ချနေတယ်။ ဒီ ၁၄ လနဲ့ ၃ ပတ်အတွင်း သံသယ နဲနဲမှ မဖြစ်ခဲ့ဘူး။ ကဲ - အတူ ဝမ်းသာ၊ ချီးမွှမ်းတော့။ ဆုတောင်းပြီး တနာရီအကြာမှာ ကျောင်းဆောင်အတွက် ပေါင်ငွေ နှစ်ထောင် ရောက်လာတယ်။ စုစုပေါင်း ပေါင် ၉,၂၈၅ ကျော်ရပါပြီ။ ပျော်လိုက်တာ၊ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကြုံဖူးမှ ခံစားဖူးမှာပါ။ ၄၄၇ ရက်၊ နေ့တိုင်း ဆုတောင်းခဲ့ရတာ။ အားကိုးရင်၊ သည်းခံစောင့်စားရင် ကောင်းကြီးပေးပါတယ်။ ဒီလို ဆုတောင်းလို့ ရတာနဲ့ကို ဘုရားအမှုတော်မှာ ပါဝင်ရတာ ထူးမြတ်လှပါတယ်။ ဒီလိုနဲ့ စုစုပေါင်း ပေါင် ၁၅,၇၈၄ ကျော်ရလာပြီ။

ကျောင်းဆောင် အမှတ် ၂ နဲ့ ၃

" မတ်လ ၁၂၊ ၁၈၆၂။ - - -  ကျောင်းသား ၃၀၀ ကနေ၊ ၁,၀၀၀ အထိ တိုးချဲ့ဖို့ စိတ်ကူးရလာတာက နိုဝင်ဘာ၊ ၁၈၅၀ မှာပါ။ ဆုတောင်းနေတုန်း ခုနှစ် လလောက် လျှို့ဝှက်ထားရာကနေ၊ ဇွန်လ၊ ၁၈၅၁ မှာ အများသိကြတယ်။ နိုဝင်ဘာလကုန် ၁၈၅၀ ကနေ၊ ဒီနေ့ မတ်လ ၁၂၊ ၁၈၆၂ အထိ ဆုမတောင်းဘဲ တရက်မှ မနေဘူး။ တနေ့ တခါမက ဆုတောင်းခဲ့တယ်။ ဒါပေမယ့် အဖြေမရခင် အကြိမ် ထောင်၊ သောင်းချီပြီး ဆုတောင်းခဲ့ရတဲ့ ကျောင်းဆောင် အမှတ် ၃ ဟာ ရရှိခဲ့ပါပြီ။  ၁၁ နှစ်ကြာ ဆုတောင်းခဲ့ရတာပါ။

ကူညီမယ့်သူတွေအတွက် နေ့တိုင်း ၃ ကြိမ် ဆုတောင်းပေးခြင်း

" ကျောင်းဆောင် ၂ နဲ့ ၃ အတွက် ကူညီလုပ်ဆောင်မယ့်သူတွေ လိုတဲ့အတွက် နေ့တိုင်း ဆုတောင်းရပါတယ်။ ကျောင်းဆောင်အတွက် ကျောက်မြစ်မချခင်ကတည်းက ဆုတောင်းခဲ့ပါတယ်။ နေ့တိုင်း တောင်းပါတယ်။ စိတ်ချမှုလည်း ရလာတယ်။ လုပ်ငန်းအားလုံးကတော့ ဘုရားဘုန်းတော် ထင်ရှားဖို့ပဲ။ " နောက်ဆုံးတော့ ကျောင်းဖွင့်ဖို့လည်း နီးလာ၊ အလုပ် ဝင်ခွင့် လျှောက်လွှာတွေကလည်း ၂ နှစ်စာလောက် စီစစ်စရာရှိနေတယ်။ နေရာမျိုးစုံအတွက် လျှောက်ကြတာ အယောက် ၅၀ လောက် ရှိတယ်။ တချို့နေရာတွေအတွက် လျှောက်ကြတာတွေက အိမ်ထောင်ရှင်ဖြစ်တာ၊ တခြား အရည်အချင်းမပြည့်တာတွေကြောင့် မခန့်နိုင်ခဲ့ပါဘူး။ လုပ်ဆောင်မယ့်သူ လိုနေတုန်းပါပဲ။ ဒီအတွက်လည်း ဆုပဲတောင်းခဲ့ပါတယ်။ ဘုရားသခင်က သစ္စာရှိသလား ? အားကိုးထိုက်ရဲ့လား ? ဆုတောင်းတာကော အကျိုးရှိသလား ? ရှိတာပေါ့။ ဘုရားသခင်က လုပ်ငန်းတိုးချဲ့ဖို့ မ,စခဲ့သလို၊ အခက်အခဲတွေလည်း အများကြီး၊ အများကြီး ကျော်လွှားနိုင်ဖို့ မ,စတော်မူခဲ့ပါတယ်။ အမှတ် ၂ ကျောင်းအတွက် လုပ်ဖေါ်ဆောင်ဖက်တွေ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျေးဇူးတော် ချီးမွှမ်းစရာပါ။

ဘုရားသခင်ကို အားမကိုးဘဲနေမယ့်အစား အဖြေမရသေးတာဟာ ယုံကြည်ခြင်းကို စစ်ကြောနေတာလို့ မြင်ပါတယ်။ ဒါ ကြောင့် ဇနီးသည်နဲ့အတူ နှစ်ပေါင်းများစွာ တနေ့တကြိမ် ဆုတောင်းရာကနေ၊ တနေ့ ၃ ကြိမ် ဆုတောင်းခဲ့ပါတယ်။ လုပ်ဖေါ်ဆောင်ဖက်တွေကိုလည်း ပြောပြပြီး အတူဆုတောင်းကြပါတယ်။ ဆက်ဆုတောင်းလာတာ ၄ လ လောက်ရှိခဲ့ပါပြီ။ လုပ်ဆောင်မယ့်သူတွေ တယောက်ပြီး၊ တယောက် ဘုရားပေးလာပါတယ်။ လုပ်ဆောင်မယ့်သူတွေ နောက်ကျနေရင်တော့  

လုပ်ငန်းခွင်မှာ စိတ်ရှုပ်စရာတွေ ဖြစ်နေမယ်။ ကလေးကျောင်းအပ်လက်ခံရာမှာ နှောင့်နှေးကြန့်ကြာနေမယ်။ တကယ် လိုတဲ့အခါ ဘုရားပေးပါတယ်။ "

အခက်အခဲတွေကို သည်းခံ ဆုတောင်းခြင်းနဲ့ ဖြေရှင်းခဲ့ပါတယ်။

ဂျော့ခ်ျ မူးလာ က ပေါင်ငွေ ၅ ထောင်ရပြီးတဲ့အခါ အမှတ် ၄ နဲ့ အမှတ် ၅ ကျောင်းတွေအတွက် မြေကွက် ဝယ်ခဲ့တဲ့အကြောင်း ဆက်ပြောပြပါတယ်။

" မေ ၂၆၊ ၁၈၆၄ နေ့ကစပြီး ဝင်လာသမျှ အလှူငွေဟာ ပေါင်ငွေ ၂၇,၀၀၀ ကျော်ရှိပါတယ်။ ဘုရားရဲ့အချိန်ကို သည်းခံ စောင့်နေခဲ့ပါတယ်။  ကျောင်းဆောင် ၂ ခုအတွက် လိုတဲ့ငွေ တဝက် မရ၊ မချင်း ဘာမှမလုပ်ဖူးလို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ အခုတော့ တဝက်မကတော့ပဲ၊ ပေါင် ၂,၀၀၀ တောင်ကျော်လာပါပြီ။ ဆုတောင်း အဖြေရှာပြီး၊ မြေကွက်ဝယ်ရာမှာ အတော်ပျော်ရွှင်ကြည်နူးရပါတယ်။  

"ကျောင်းဆောင်အမှတ် ၃ နဲ့ လမ်းပဲခြားတဲ့   မြေကွက်ကို ကျွန်တော် မျက်စိကျနေတာ ကြာပါပြီ။  အဲဒီ မြေကွက်က ၁၈ ဧကလောက် ကျယ်ပါတယ်။ အိမ်ကလေး တလုံးနဲ့ တဖက်ရပ် အဖီကလေးပါပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ အကြိမ် ရာချီပြီး ဆုတောင်းခဲ့ပါတယ်။ အဲဒီမြေကွက်မှာ ကျောင်းဆောင် ၂ ဆောင် ဆောက်ချင်တယ်။ သခင်ယေရှု အကျိုးအတွက် ပေးတော်မူပါ လို့ဆုတောင်းခဲ့တယ်။ အကြိမ် ရာနဲ့ချီ ဆုတောင်းရင်း အဲဒီမြေကွက်ကို မျှော်ကြည့်နေခဲ့ပါတယ်။ ဝယ်ဖို့ငွေလည်း ရှိလာပါတယ်။ ဒါပေမယ့် အလိုတော်ဝန်ခံပြီး ဘုရားအချိန်ကို ရှင်းရှင်းလင်းလင်း သိရဖို့ သည်းခံစောင့်နေခဲ့ပါတယ်။ အလိုတော်နဲ့အညီပဲ လုပ်ဆောင်ပါတယ်။ ဒီကျောင်းက ကျွန်တော့် ကျောင်းဆိုရင်၊ သခင်ဘုရားရဲ့ ကျောင်းမဟုတ်ဘူး။ ဒါဆိုရင် ကောင်းကြီး မြော်လင့်စရာလည်း မလိုဘူး။ ဒါပေမယ့် သခင်ဘုရားက ရှင်းရှင်းလင်းလင်း၊ ထူးထူးခြားခြား ဖေါ်ပြလာတယ်။ မြေကွက် ဝယ်ဖို့နဲ့ ကျောင်းတဆောင် ဆောက်ဖို့ ငွေလည်း ရှိလာပါပြီ။ လမ်းပြတော်မူဖို့ ဆုတောင်းရင်း၊ ဆက်လုပ်ရမှာကို အလိုတော်ရှိတာသေချာမှ ဆက်လုပ်ပါတယ်။ ပထမဦးဆုံးလုပ်ရတာက မြေရှင်ဖက်က အကျိုးဆောင်မယ့်သူကို ရှာရပါတယ်။ မြေကွက် ရောင်းမှာလား မေးရပါမယ်။ ရောင်းမယ်၊ ဒါပေမယ့် မတ်လ ၂၅၊ ၁၈၆၇ အထိ နေဦးမယ် လို့ဆိုတယ်။ ဈေးကိုတော့ စာရေးပြောပြမယ်။ ခက်တာက မြေကွက်ကို ၂ နှစ်နဲ့ ၄ လ ကြာအောင်နေဦးမှာ ဖြစ်တယ်။ ၆ လအတွင်း ဝယ်ပြီး၊ ကျောင်းဆောက်ဖို့ လိုမယ်။ ဒီ့အတွက်တော့ စိတ်မပျက်ပါဘူး။ သူ့ကို အချိန်မတိုင်ခင် ရွှေ့ပေးရတဲ့အတွက် နစ်နာကြေး ပေးရပါမယ်။  ဒါပေမယ့် ပိုင်ရှင်က ပေါင်ငွေ ၇,၀၀၀ ဆိုတယ်။ ဒါက နဲနဲများတယ်။ Bristol Waterworks ကုမ္ပဏီကလည်း ဒီမြေကွက်ကို ရေသိုလှောင်ကန်အဖြစ် သုံးဖို့ ဝယ်ချင်နေတယ်။ ပါလီမန်မှာ ဆောက်ခွင့်တောင်းနေတယ်။

" ကဲ၊ ဘုရားသခင်က ငွေကြေး၊ ဘယ်လိုပြင်ဆင်ပေးသလဲ ကြည့်ရအောင်။ ဆက်လုပ်ခွင့် ပေးတော်မူတယ်လို့ ထင်တာကြောင့်၊ ဆုလည်း အကြိမ် ထောင်ချီတောင်းထားတာကြောင့်၊ ရာချီတဲ့ ကျောင်းသားတွေလည်း ကျောင်းဝင်ခွင့် စောင့်နေကြတာကြောင့်၊ ဘုရားသခင်ကလည်း ပေါင်ငွေ ၅,၀၀၀ ကို ပြင်ဆင်ပေးတာတွေကြောင့်ပါ။ တကယ်တော့ အခက်အခဲတွေ ကြန့်ကြာနေတာဟာ ယုံကြည်ခြင်းနဲ့ သည်းခံခြင်းကို လေ့ကျင့်ပေးတာပါ။ ပိုဆုတောင်း၊ ပိုသည်းခံဖို့ ဖြစ်ပါတယ်။ မအောင်မြင်၊ မကျော်လွှားနိုင်လောက်တဲ့ အခက်အခဲတွေ မဟုတ်ပါဘူး။ ကျမ်းစာတချက်ကို ကျွန်တော်ယုံတယ်။ " ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ၊ ဘေးအန္တာရာယ်ရောက်သည့်ကာလ ခိုလှုံရာ ဖြစ်တော်မူ၏။ - နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အို ထာဝရဘုရား၊ ကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။ " ( ဆာလံ ၉း ၉-၁၀ ) မြေကွက်ရဖို့ အခက်အခဲ ၃ ခုရှိတာကြောင့် ကြိုးစား ဆုတောင်းနေခဲ့ပါတယ်။  နေ့တိုင်း အကြိမ်များစွာ ဆုတောင်းပါတယ်။ အခုလို ဖြေရှင်းခဲ့ပါတယ်။

 ၁။ Bristol Waterworks ကုမ္ပဏီကလည်း ဒီမြေကွက်ကို ရေသိုလှောင်ကန်အဖြစ် သုံးဖို့ ဝယ်ချင်နေတော့ မေးကြည့်တဲ့အခါ၊ သူတို့ လိုချင်တာက တစိတ်တပိုင်းပဲ၊ အကုန်လုံး မဟုတ်ဘူး လို့ အကြောင်းပြန်တယ်။ ဒီ တစိတ်တပိုင်းကိုလည်း မဝယ်ဘဲ၊ ရှောင်ပေးရင်လည်း ရပါတယ်လို့ ဆိုပါတယ်။

၂။ ဒါပြီးတော့၊ ပိုင်ရှင်ကို ခရစ်ယာန်တယောက်အနေနဲ့ ရင်းရင်းနှီးနှီး သွားတွေ့သင့်တယ်လို့ ထင်ပါတယ်။  စ,တွေ့ကြတော့ ကျွန်တော် အစီအစဉ်ကို ပြောပြပါတယ်။ သူက စဉ်းစားပါဦးမယ်။ နောက်တပတ်မှာ ထပ်တွေ့ပြန်ပါတယ်။ ဒီလို အစီအစဉ်ရှိတယ်ဆိုရင် မငြင်းချင်ပါဘူး။ ဒါပေမယ့် အချိန်မတိုင်ခင် ရွှေ့ပေးရတဲ့အတွက် နစ်နာကြေး ပေးစေချင်ပါတယ်။ ကျွန်တော်ကလည်း ပေးချင်ပါတယ်။  ဒါဟာ ဆုတောင်းခြင်းရဲ့ အဖြေပဲ လို့ ယုံကြည်ပါတယ်။

၃။ တတိယ အခက်အခဲက ဈေးနှုန်းပါ။ ဘယ်လောက်ပဲ တန်တယ်ဆိုတာ သိထားတော့ ပေါက်ဈေး မဟုတ်တာ သိနေပါတယ်။  နေ့တိုင်း ဆုတောင်းပြန်တယ်။ နဲနဲလျှော့ဖို့ပါ။ ဘာဖြစ်လို့ အဲဒီလောက် မတန်တာကိုလည်း ပြောပြပါတယ်။ ပိုင်ရှင်က ပေါင်ငွေ ၇,၀၀၀ အစား၊ ပေါင် ၅,၅၀၀ နဲ့ပေးလာတယ်။ ဈေးတည့်သွားတယ်။ ဒီမြေကွက်မှာ ကျောင်းဆောင် ၂ဆောင် ဆောက်လို့

ရနိုင်ပါတယ်။ ပြီးတော့ လယ်ကွင်းတွေနီးတဲ့ အကောက်ဂိတ်နားက ဖြတ်သွားတဲ့ မြေအောက်ရေပိုက်လိုင်းသစ်ကလည်း ပြီးခဲ့တဲ့ လအနဲငယ်ကပဲ ပြီးသွားတာဆိုတော့ အကျိုးရှိမှာ သေချာပါတယ်။ ဒီနှစ်ချက်အပြင် Bristol က gas လည်း အရင်ကျောင်း ၃ ဆောင်လို ရနိုင်ပါတယ်။ ပြီးတော့ အရေးအကြီးဆုံးအချက်က အရင်ကျောင်းဆောင်တွေနဲ့ နီးတော့ တနေရာထဲက ထိန်းသိမ်းအုပ်ချုပ်ရတာ အဆင်ပြေပါတယ်။ တကယ်တော့ တခြား နီးနီးဝေးဝေး ဘယ်မြေကွက်မဆို ဒီမြေကွက်လောက် အများကြီး အဆင်မပြေနိုင်ပါဘူး။ တကယ် ဘုရားမတာပါ။ ကျောင်းဆောင်တွေ ဆောက်ပြီးတာနဲ့ အရင် ကျောင်းဆောင် ၁၊ ၂၊ ၃ ရဲ့ ထိန်းသိမ်းရေးအဖွဲ့လက်ကို လွှဲပြောင်း ပေးလိုက်ပါတယ်။ အခက်အခဲကြောင့် စိတ်ညစ်နေတဲ့ စာဖတ်သူတွေ ခွန်အားရစေဖို့ ဒီစာကို ချက်ချင်းပဲ ရေးလိုက်ပါတယ်။ ပြဿနာက ကြီးကြီးသေးသေးပါ၊ ဘုရားကို အားကိုးပြီး ဆုတောင်းပါ၊ အချိန်ကျရင် ဘုရားသခင်က သူ့နည်းနဲ့သူ မ,စမှာ သေချာပါတယ်။ "

ကျောင်းဆောင်အမှတ် ၄ နဲ ၅

 " မတ်လ ၅၊ ၁၈၄၇။  - - -  ၄ နဲ့ ၅ နှစ်ဆောင်လုံး ဖွင်ခဲ့တာ ကြာပါပြီ။ အဆောင် ၄ ကို နိုဝင်ဘာ၊ ၁၈၈ ကတည်းက ဖွင့်ပြီး၊ အဆောင် ၅ ကို ၁၈၇၀ နှစ်စကတည်းက ဖွင့်ပါတယ်။ ကလေး ၁,၂၀၀ ကျော် ရှိပါတယ်။ မိဘမဲ့ ကလေးတွေက အလုပ်သင်၊ ဒါမှမဟုတ် အစေခံဘဝကနေ ပို့လွှတ်နေကြတော့ လတိုင်းလိုလို ကျောင်းသားသစ် တိုးပါတယ်။ ကျောင်းဆောက်တာ၊ မွမ်းမံတာ၊ ကျောင်းသုံးပရိဘောဂ ထည့်တာတွေပြီးတော့ ပေါင်ငွေ ထောင်ချီပြီး ကျန်ပါသေးတယ်။ ဒါက ပြုပြင်စရိတ်ပေါ့။  ကဲ- ဆုတောင်းတာကို ဘုရားသခင် သိပ်အဖြေပေးတယ်နော်၊ သိပ်ရှင်းပါတယ်။ မမှားပါဘူး။ သည်းခံ၊ ဆုတောင်းပြီး အလိုတော်ရှာတဲ့အခါမှာပေါ့။  အားယူပါ၊ အသက်ရှင်တဲ့ဘုရားကို တိုး၊ တိုး ယုံကြည် အားကိုးပါ။ "   ။       ။

0 comments:

Post a Comment

လူတိုင်းကိုချစ်၍အသက်ပေးပြီးကယ်တင်သောသခင်ခရစ်တော်ဖြစ်သည်။